Friday, March 26, 2010

အ၀ကျွန်းမှ ဦးမောင်ဟန်သာနှင့် (Narinjara) ရခိုင်သတင်းဌာန တွိဆုံမိန်းမြန်းခန်း

ယခုလထုတ်ဂျာနယ်၌ ဘင်္ဂလာဒေ့ခ်ျနိုင်ငံအ၀ကျွန်းမှ ရခိုင်ခေါင်းဆောင်လူကြီးတဦးဖြစ်သူ ဦးမောင်ဟန်သာ အသက် ၆၃နှစ်နှင့် တွိဆုံမိန်းမြန်းခန်းကို ထည့်သွင်းဖေါ်ပြလိုက်ပါသည်။ ဦးမောင်ဟန်သာမှာ အ၀ကျွန်းဘာရဂူနာခရိုင် တာတလီကျွန်းရွာမှ ရခိုင်လူကြီးတဦးဖြစ်ပါသည်။ ရပ်ရေးရွာရေးကအစ အမျိုးဘာသာသာသနာ ညှိုးနွမ်းပျောက်ကွယ်မလားအောင် ကာကွယ်စောင့်ယှောက်နီသူ ရခိုင်ခေါင်းဆောင်တဦးလည်းဖြစ်ပါသည်။ ဦးမောင်ဟန်သာနီထိုင်ရာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်းကအ၀ကျွန်းကို စာဖတ်ပရိသတ်များ ကြားဖူးကောင်းကြားဖူးမည်ဖြစ်သော်လည်း အ၀ကျွန်းနှင့် ပတ်သက်ပြီး အတိတ်နှင့်ပစ္စုပ္ပန်ကိုကား သိမည်မထင်ပါ။ သို့အတွက်ကြောင့် ယခုလတွင် စာဖတ်သူများအား ရခိုင်သမိုင်းကြောင်းနှင့် ဆက်နွယ်နီသော အ၀ကျွန်းရခိုင်သားရို့၏လူမှုဘ၀အကြောင်းကို တစွန်းတစသိနားလည်နိုင်စီရန် အ၀ကျွန်းမှရခိုင်လူကြီးတဦးနှင့် တွိဆုံခန်းကို ထည့်သွင်းဖေါ်ပြလိုက်ရပါသည်။ ဦးမောင်ဟန်သာ၏ဓါတ်ပုံအား ထည့်သွင်းဖေါ်ပြရန် မိတ္တာရပ်ခံခပါသော်လည်း အကြောင်းတခုကြောင့် တည့်သွင်းရန်မလိုလားပါသဖြင့် ယခုလ ဦးမောင်ဟန်သာ၏အိန်တာဗျူးကို ဓါတ်ပုံမပါဘဲ ထည့်သွင်းဖေါ်ပြလိုက်ပါသည်။

မိန်း ။ အ၀ကျွန်းမှာ လက်ဟိလူဦးရေနန့် အယင်လူဦးရေကိုနှိုင်းယှဉ်ဗျာ အယင်ပြောပြစီချင်ပါရေ။
ဖြေ ။ အ၀ကျွန်းမှာ ခုနှစ်သက္ကရာဇ်အရပြောရဖို့ဆိုကေ ၁၇၈၄ ခုမှ ၁၉၀၀ ပြည့်နှစ်အတွင်းမှာ ရခိုင်ရွာပေါင်း ၂၃၇ ရွာဟိခပါရေ။ ၁၉၀၀ ပြည့်နစ်နန့် ၁၉၄၈ခုနှစ်အတွင်းမှာ ရွာပေါင်း ၁၆၈ ရွာအထိလျော့ကျလားပြီးကေ အိမ်ခြီစုစုပေါင်း ၅၁၉၀ ဆောင်နန့် လူဦးရေ ၃၅၀၀၀ လောက်ဟိလီပါရေ။ အခု ရခိုင်ရွာပေါင်း ၄၆ ရွာ၊ အိမ်ခြီ ၆၅၀ နန့် လူဦးရေ ၄၅၀၀ လောက်ရာကျန်ပါဗျာ။



မိန်း ။ အ၀ကျွန်းရခိုင်သားတိ လက်ဟိစားဝတ်နီရေးကို ဇာပိုင်ဖြေယှင်းနီကတ်တေလဲ တစိချေ ယှင်းပြပီးပါ။
ဖြေ ။ အ၀ကျွန်းစွာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြီဖြစ်တေ ပေါ်တူဝါခါလီနှင့် ဘော်ရဂူနာ ခရိုင်မှာဟိပါရေ။ မြို့နယ်အားဖြင့် ခေးပူပါရာ၊ ဂေါလာစိပ၊ အင်တလီနှင့် ဘော်ရဂူနာမြို့နယ်လေးခုအတွင်းမှာ ကျပါရေ။ ရခိုင်ပြည်ကထွက်ပြီးလာခါစ တောတိကိုယှင်းဗျာ လယ်ထွင်ကတ်ရပါရေ။ မီးကျောင်း၊ ကျားအန္တရာယ်တိနန့် ကကောင်းကြုံရပါရေ။ နောက်ပိုင်း လယ်တိအများကြီးဖြစ်လာဗျာ ၀မ်းစာဖုံပါရေ။ စီးပွားရေးကောင်းဗျာ စားဝတ်နီရေး အခက်အခဲမဟိခပါ။ ယေကေလဲ့ ခေတ်ပညာမတတ်တေအတွက် အစိုးရ၀န်ထမ်းများနှင့်လူမျိုးခြားတိ လိမ်လည်အနိုင်ကျင့်စွာကိုခံရဗျာ လယ်တိ ကကောင်းဆုံးလားပါရေ။ ရခိုင်သားအများစု လယ်ပြဿနာနန့်တရားဆိုင်ဗျာ မွဲလားကတ်ပါရေ။ ယေကေလဲ့ အေနိရခိုင်သားအများစု ခေတ်ပညာရေးကို ဦးစားပီးလာရေအတွက် အစိုးရ၊အစိုးရမဟုတ်တေအဖွဲ့အစည်းတိမှာ အရာဟိအရာခံဖြစ်ပျာ လူမျိုးခြားတိဖိနှိပ်မှုက စကေချေ လွတ်လာကတ်ပါယာ။

မိန်း ။ အနာဂါတ်အ၀ကျွန်းရခိုင်လူမှုအဖွဲ့အစည်း ဇာပိုင်ဖြစ်လာဖို့ မြင်ပါရေလဲ။
ဖြေ ။ အခုသေကပြောခရေပိုင် အ၀ကျွန်းရခိုင်အဖွဲ့အစည်းစွာ အတိတ်သမိုင်းတလျောက်လုံးမှာ လယ်ကိုအဓိကထားစွာက ၂၀ ရာစုနှောင်းပိုင်းမှာ ဘ၀ရပ်တည်ရေးအတွက် ပညာရေးကိုအားပီးလာရေအတွက် ဇာပုံစံနန့်ရှိဆက်လားဖို့လဲဆိုကေ လယ်လုပ်စားစွာက ပညာကိုအားထားရေဘ၀ကို မုချဧကန်ရောက်လာဖို့ ယုံကြည်ပါရေ။

မိန်း ။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အ၀ကျွန်းကို ရခိုင်သားတိ ဇာအချိန်ကစရောက်ကတ်ပါရေလဲ၊ ပြီးကေ သူရို့ဇာတိ ဇာကပါလဲ တချက်ယှင်းပီးပါ။
ဖြေ ။ ၁၇၈၄ ခုမှာ မျိုးဖျက်ငသံဒွေသစ္စာဖောက်လို့ သမ္မတရာဇာနန်းကျလို့ ရခိုင်ပြည်နှင့်ရခိုင်နန်းကို ဗမာဘုရင်ဘိုးတော်မောင်ဝိုင်းသိမ်းပိုက်လို့ ရခိုင်သားတိကျွန်ဖြစ်လားပါရေ။ ဗမာဘားမှာကျွန်မခံဘဲ တပ်မင်းကြီးပျို့အောင်၊ ဦးခေါင်းကြီး၊ အကျော်သော်ဒရီ ရခိုင်ခေါင်းဆောင်သုံးယောက် ဦးစီးဗျာ မိသားစု ၁၅၀ ပထမအကြိမ်၊ နဗက်လောင်းကြီးအစင်း ၅၀ နှင့် ဘင်္ဂလားပင်လယ်ကိုဖြတ်လို့ ခရစ်သက္ကရာဇ် ၁၇၈၄ခုမှာ ရခိုင်ပြည်ရမ်ဗြဲကျွန်း လောင်းစရိတ်နန့် မိုးသီးနတ်တောင်ခြီရင်းကထွက်လာစွာ ပထမ ပဌဂူဂန္ဒရန်ကျွန်းမှာဆိုက်တေ။ တနှစ်အကြာအုပ်စုခွဲဗျာ အခုရင်ဂါဖလီ၊ မော်ဒုတ်ပီ၊ ကန်ဆိပ်၊ တိယာခါလီ၊ ဧလာနှင့် ဆန်တလီ နီရာတိကိုရောက်တေ။ အခုဆိုကေ နှစ်ပေါင်း ၂၂၃ နှစ်ဟိယာ။ ယင်းအထဲမှာ မင်းမှုထမ်း၊ မင်းဆွေမင်းမျိုးတိလည်းပါရေ။ အုပ်စုက၊ မာန်အောင်ရမ်းဗြဲရခိုင်သားတိဖြစ်တေ။ နောက်ပိုင်း ရခိုင်ပြည်ကထွက်ပြီးလာသူတိကို ယင်းခါက အန္ဒိယဗြိတိသျှအစိုးရကိုယ်တိုင် စစ်ပြီးမိသားစုအဖြစ်အသိအမှတ်ပြုဗျာ အ၀ကျွန်းမှာ ကောင်းကောင်းမွန်မွန်ချပီးထားရေ။

မိန်း ။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရခိုင်လူမူအဖွဲ့အစည်းကို ဇာပိုင်မြင်ပါရေလဲ။
ဖြေ ။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံရခိုင်လူ့အဖွဲ့အစည်းစွာ (တရားသီ လောင်းဘေးထုံးသုတ်) ဖြစ်နီရေ။ ဇာဖြစ်လို့လဲဆိုကေ တလောင်းစောင်းကေ တလောင်းပြောင်းဖို့ တာစူနီကတ်တေ။ အတည်တကျနီဖို့ ယတိပြတ်မဆုံးဖြတ်နိုင်လို့ ဗမာပြည်ကိုပြောင်းရဖို့လား အေမှာရာဆက်နီဖို့လား မဆုံးဖြတ်နိုင်လို့ တခြားလူမျိုးတိ ရခိုင်ဇကာတိကို အလကားရလားယာ။ ကြုံလို့မိုးခိုရေဆိုကေ ဘင်္ဂလာဒေ့ခ်ျမှာ တဆင့်နိမ့်လူတန်းစားရာဖြစ်ဖို့။

မိန်း ။ လက်ဟိ ရခိုင်တော်လှန်ရေးအင်အားစုတိကို ရခိုင်သားတယောက်အမြင်နန့် ဇာပိုင်မြင်ပါရေလဲ၊
ဖြေ ။ တော်လှန်ရေးဆိုစွာ လက်နက်ကိုင်တော်လှန်ရေးနှင့် လက်နက်မကိုင်တော်လှန်ရေး နှစ်မျိုးဟိပါရေ။ ရခိုင်တော်လှန်ရေးကို အထက်ကပြောခရေပိုင် သဏ္ဍာန်နှစ်ရပ် နည်းအမျိုးမျိုး၊ ဟန်အမျိုးမျိုးလုပ်လာကတ်စွာ ကောင်းကြာလားပါယာ။ ယေကေလဲ့ ခေတ်တိုင်းခေတ်တိုင်း ခေါင်းဆောင်တိနှင့်အဖွဲ့အစည်းတိ ပျက်စီးစွာရာတွိရပါရေ။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ပါကိစ္စတန်လက်အောက်က ဇာပိုင်လွတ်ခရေလဲ သင်ခန်းစာယူသင့်ပါရေ။ ဘင်္ဂါလီလူမျိုးတိစွာ သမိုင်းတလျောက်လုံးမှာ လူမျိုးခြားဘာသာခြားအုပ်ချုပ်မူအောက်မှာ ကကောင်းခံခရပါရေ။ ၁၉၅၂ ခုနှစ်မှာ မိခင်ဘာသာစကားကို နိုင်ငံတော်ဘာသာစကားသတ်မှတ်ဖို့ကြိုးစားစွာက အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအဆင့်ကို ရောက်လာပါရေ။ ဘင်္ဂါလီလူမျိုးတိစွာ ၁၉၇၀ ခုနှစ် အမျိုးသားတော်လှန်းရေးကို တမျိုးသားလုံးပါဝင်ခလို့ ၉ လအကြာ ၁၉၇၁ ခုမှာ ပါကိစ္စတန်ကိုနိုင်ဗျာ လွတ်လပ်ရေးရပါရေ။ လွတ်လပ်တေဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကမ္ဘာမှာအောင်လံထူထားပါယာ။ ယေကေလဲ့ ရခိုင်သားတိမှာ အယင်ကပင် အခုထိ တော်လှန်ပါလတ်ကတ်စွာ အောင်ကမအောင် ဘဘုန်းဆာလို့လဲရေ။ အကြောင်းက ရခိုင်သားတိ အမျိုးသီလချစ်စိတ်နည်းလာလို့။ အမျိုးသီလနှစ်ဌာနကိုချစ်မှ ရခိုင်ဖြစ်ဖို့။ အမျိုးကိုမချစ်ကေ သီလမစောင့်ကေ ဘဇောင်ပျင်လို့အောင်ဖို့။

မိန်း ။ လက်ဟိ ရခိုင်တော်လှန်ရေးကို ဇာဇာအကြံပီးချင်ပါရေလဲ၊
ဖြေ ။ အင်အားချင်းမမျှရေ ဗမာကိုတော်လှန်ရရေအတွက် အရေးကြီးဆုံးကညီညွတ်ရေး။ မညီညွတ်ဘဲ အုပ်စုကွဲကေ တော်လှန်ရေးကို ပြည်သူမထောက်ခံ။ ပြည်သူမထောက်ခံကေ မအောင်။ ပြည်သူထမင်းမကျွေးကေ စားစရာမဟိငတ်တေ။ ယင်းကြောင့် တော်လှန်ရေးခေါင်းဆောင်တိ ရခိုင်သားထောက်ခံမှုရအောင် အောက်ခြီခိုင်ရေအဖွဲ့ချုပ်တခုလိုအပ်တေ၊ ယင်းအဖွဲ့ချုပ်ဦးဆောင်မှုအောက်မှာ ဘက်ပေါင်းစုံတော်လှန်ရေးကိုလုပ်ရဖို့။ ဘင်္ဂလာဒေ့ခ်ျတော်လှန်ရေးကို ဥပမာယူရဖို့။

မိန်း ။ လက်ဟိ ရခိုင်ပြည်အမျိုးသားကောင်စီကို ဇာပိုင်မြင်ပါရေလဲ။
ဖြေ ။ ရခိုင်ပြည်အမျိုးသားကောင်စီ (အစမကောင်း အနှောင်းမသေချာ) ဖြစ်နီပါရေ။ ယင်းကြောင့် ကျယ်ပြန့်ရေအမျိုးသားညီလာခံတခုကျင်းပဗျာ အနာဂါတ်အတွက် တိတိကျကျဆုံးဖြတ်ပီးရပါဖို့၊ မဟုတ်ကေ အယင်ဝါကြီးတိပိုင် အညွန့်တုန်းကတ်ဖို့။

မိန်း ။ ရခိုင်သားတိကို အကြံပီးပြောချင်စွာတိဟိကေ ပြောပါ။
ဖြေ ။ ရခိုင်သားတိ ရှိကရခိုင်သားတိပိုင် ဖြစ်ဖို့လိုရေ။ (တမိန့်ခံ တသံတည်း) ဖြစ်ဖို့လိုရေ၊ ရခိုင်ဆိုကေ အမျိုးသီလကိုစောင့်ရဖို့၊ ယေမှ အယင်ပိုင် ရခိုင်နိုင်ငံတော်ဖြစ်လာဖို့။ မဟုတ်ကေ ကိုယ့်စကားကိုယ်မိကေ (မြန်မာပိုင်ကျည်းရွီးနီကတ်ကေ) ပျူပျောက်တေပိုင်ပျောက်ဖို့၊ ကောင်းကောင်း သတိထားစိုင်းစားပါ၊ (ကိုယ့်စကားကိုယ်မသုံး၊ သူများစကားအငှားသုံးလို့မဖြစ်။) အရက်ကိုလည်းဖျောက်ရဖို့။ မဟုတ်ကေ မျိုးပြုတ်ဖို့။ ယင်းအတွက်နန့် (ကိုယ့်စကားကိုယ်သုံး၊ ကိုယ်စာကိုယ်ရွီး) မျိုးစောင့်တရားထားဖို့ ရခိုင်သားတိကို မိတ္တာရပ်ခံပါရေ။

Ref: Arakan Music

0 comments:

Post a Comment