အယင်ကခါ မြောက်ဥဘုရင်တပါးလက်ထက် နိဂုံးဇနပုဒ်တခုတွင် လင်မယားတအိမ်ထောင်ဟိသည်။ အလွန်ဆင်းရဲသည့်အတွက် ဆန်ဖွပ်၊ ရီခပ်၊ ထင်းခြွီ၊ အငှားလုပ်စားကတ်ရသည်။ လင်ကပျင်း၍ အလုပ်မလုပ်။ မယားလုပ်စွာ ထိုင်စားသည်။ မယားလုပ်ရာတွင် အပျင်းပြေ ကြက်နှင်ယင်လိုက်လုပ်သည်။ တရက်နိ မယားဆန်ဖွပ်နီစဉ် ယင်များဆန်မှုန့်လာနားစားသည်။ ငပျင်းထွေလည်း ရှောက်ခြမ်းစိတ်နှင့် ယင်လိုက်သတ်သည်။ သို့ဖြင့် ယင်သုံးဆယ်ရ၍ မယားကို “ငါ ယင်သုံးဆယ်ကိုသတ်လိုက်ပျာယ်။ ကြည့်ဈာန်တချက်” ဟု ဘောရိပြောသည်။ ထိုအခါ မယားက “သုံးဆယ်သီမင်း အစစ်မနားယေ” ဟု ပြန်ပြောသည်။
ထိုနိမှစ၍ မယားလည်း လင်ကိုအယွဲ့တိုက်ပျာယ် “ငါ့လင် ယင်သုံးဆယ်ကိုသတ်နိုင်ရေ။ အေပိုင်တော်ရေမဟုတ်။ သုံးဆယ်သီမင်းအစစ်” ဟု လူတွိတိုင်းလျှောက်ပြောသည်။ ထို့ကြောင့် သူ့ကို “သုံးဆယ်သီမင်း” ဟု နာမည်တွင်လာသည်။ ကြာသောအခါ သူ့သတင်းသည် ဘုရင့်ရွှီနား ပေါက်ကြားလားသည်။
မီးကျောင်းသူရဲ။
မြောက်ဦးမြို့နှင့်မနီးမ၀ီးတွင် လေးမြို့မြစ်ဟိသည်။ အဉ္ဇနနဒီဟုလည်းခေါ်သည်။ ထိုအချိန်၌ မြစ်ထဲတွင် မီးကျောင်းတကောင် သောင်းကျန်းလျှက်ဟိသည်။ ထို့ကြောင့် မြစ်ကိုဖြတ်၍ တယောက်လည်းမကူးဝံ။ “အသံကြားကေ လိုက်ဆွဲရေ” ဟု နာမည်ကြီးလျှက်ဟိသည်။ လောင်းနှင့်တောင် အနားမသန်းဝံ့။ လူသူအားလုံး ကြောက်လန့်နီကတ်ရသည်။ ကျွဲနွားလူသူအားလုံး မီးကျောင်းအစားခံရသည်။ အစားများလာ၍ လူအများမှာ ဇာလုပ်၍ ဇာကိုင်ရမှန်းမသိ။ “ဘုရင့်ရွှီနား မပေါက်သိမ့်နှင့်တူရေ။ ဘုရင်သိကေ ငြိမ်နီဖို့ကမဟုတ်” တယောက်စကားတရာနား ပြောလျှက်ဟိသည်။ ဘုရင်လည်း မကြာခင် ထိုသတင်းကိုကြားသည်။ သို့အတွက် အမှုးအမတ်များနှင့် အတိုင်ပင်ပြုသည်။ “မီးကျောင်းရန်နှိမ်နှင်းရန် လူစွမ်းကောင်းတယောက်လိုသည်။ ပဇာလုပ်ကေကောင်းဖို့လဲ။ လျှောက်တင်ကတ်။” ဟုမိန့်တော်မူသည်။ ထိုအခါ အမတ်ကြီးများက “အသျှင်မင်းနိုင်ငံတော်မှာ သုံးဆယ်သီမင်းဟုဆိုသော လူတယောက်ဟိပါသည်။ သူ့ကိုရလျှင် မီးကျောင်းရန်ကို ဧကန်မုက္ချ နှိမ်နှင်းနိုင်ပါလိမ့်မည်” ဟုလျှောက်တင်ကတ်သည်။ ဘုရင်လည်း ၀မ်းသာအားရဖြစ်ပြီး မှုးမတ်များကို “ယင်းပိုင်ဆိုလျှင် သူ့ကိုခေါ်ခီ” ဟု မိန့်တော်မူသည်။ အမိန့်တော်ရသည်နှင့်ချက်ချင်း မင်းချင်းယောက်ျားတယောက်ကို တမန်စေလွှတ်လိုက်သည်။ “တမန်လည်းရောက်၊ သုံးဆယ်သီမင်းမှာ၊ သီအောင်ကြောက်” ဖြစ်ရသည်။ “သို့သော် သီတနိ မွီးတနိ။ ဘုရင်ကခေါ်ကေ မလိုက်လို့မရ၊ ဘုရင့်အာဏာပါယ်ဆန်လို့မရ။ မင်းဒါဏ်သင့်ဖို့ကြောက်ရသည်။” သို့အတွက် သီမင်းမှာ စိတ်တင်းဖို့ကျသည်။ တမန်လည်း အပူတပြင်း “ငါနှင့်ဖ၀ါးကပ်၍ လိုက်ရမည်” ဟုဆိုသည်။ သီမင်းမှာ မငြင်းသာကေ ကဗျာကယာ နောက်ကလိုက်ရသည်။ ယင်းပိုင်နှင့် ဘုရင်ရှိတော်မှောက်သို့ရောက်လတ်သည်။ ဘုရင်က “မောင်မင်း သုံးဆယ်သီမင်း အမှန်လား” မီးသောခါ သီမင်းက “မှန်ပါသည်ဘုရား” ဟုဖြေသည်။ ထိုအခါ ဘုရင်က “ငါ၏နိုင်ငံတော်မှာ မီးကျောင်းရန်ကိုနှိမ်နှင်းဖို့ ငါဘုရင်လိုလားတော်မူရေ။ အလိုဟိစွာတောင်းခံ။” ဟုမိန့်တော်မူသည်။ ထိုအခါ သီမင်းက သေနတ်၊ ဓါး၊ လှံ၊ လက်နက်အပြည့်အစုံနှင့် သူရဲတယောက်၊ ဘုရင်ကိုင်သံလျှက်အပါအ၀င် ကြိုးတခွီ၊ လောင်းတစင်းတောင်းသည်။ လိုသည်ကို ဘုရင်ကပီးသည်။ စားသုံးဖို့ အသပြာငွေတထောင်လည်း ပီးလိုက်သည်။ ဘုရင်ပါးကပြန်၍ အိမ်ရောက်သောအခါ သီမင်းက မယားကိုအပြစ်တင်သည်။ “နင်သတင်းရွှင့်လို့ ငါပွဲဝင်ခရပျာ။ ငါသီကေလည်း နင့်မှာလင်မယှား။ ဘုရင့်အသပြာကို စားလို့ရာနီလီ။ နက်ဖန်ခါ မီးကျောင်းက ငါ့ကိုစားဖို့လား၊ ငါကရာ မီးကျောင်းကိုစားဖို့လားမသိ။ ကြည့်လို့ရာနီလီ။ မိုးထက်စောစော ထမင်းကောင်းကောင်းချက်။” ဟုမယားကိုမှာသည်။ မယားသည်က လင်အတွက်စိတ်ပူရမှန်းမသိ။ အသပြာရသောခါ ကောင်းကောင်းပျော်သည်။ လင်ဗောရိမှာ တညဥ့်လုံးအိပ်မပျော်။ မိုးလင်းဖို့စွာ တွက်လျှက်ဟိသည်။ မိုးလင်းသောအခါ မယားကလင်ကိုနှိုးသည်။ “ထဖိထဖိ ဘုချေဘ။ ထမင်းစား” ဟုဆိုသည်။ သုံးဆယ်သီမင်းလည်း မျက်နှာမသစ်ပဲ ထမင်းစားသည်။
သူရဲကလည်း ချိန်းထားသည်အတိုင်း အသင့်စောင့်လျှက်ဟိသည်။ သီမင်းလည်း ထမင်းစားပြီးချက်ချင်း လောင်းဆိပ်သို့ဆင်းသည်။ လောင်းဆိပ်သို့ရောက်သောအခါ သီမင်းမှာ သူရဲကို သေနတ်ကိုင်ခိုင်းထားပြီး ပဲ့ဂျောင်တွင်နီခိုင်းသည်။ ကိုယ်ကျ ကြိုးတခြွီနှင့် သံလျှက်ကိုင်လျှက် လောင်းဦးတွင်နီသည်။ လောင်းသံ၊ တက်သံ၊ လူသံကြားသည်နှင့် မီးကျောင်းရဲက ကုန်းပေါ်လျှက်လိုက်သည်။ ထိုအခါ သုံးဆယ်သီမင်းက တခုလည်း မလုပ်တတ်မကိုင်တတ်။ ကြောက်ကြီးသံဖက် ဗြန်းဗြန်းတုန်လျှက်ဟိသည်။ သူရဲက “အသျှင်သီမင်း မီးကျောင်း အနားကိုကပ်လာပါယာ။ ပဇာလုပ်ပါဖို့လဲ။ သေနတ်နှင့်ပစ်ရပါဖို့လား။ ဟက်ဖေနှင့်ထိုးရပါဖို့လား” မီးသည်။ သီမင်းကတခုလည်းပြန်မပြော။ ဇာပိုင်ပြောပြော သီမင်းက ပြန်မပြောသောအခါ သူရဲက မနီသာကေ မီးကျောင်းကို ဟက်ဖေနှင်ထိုး သေနပ်နှင့်ပစ်ဖောက်လိုက်သည်။ မီးပေါက်မှန်လို့ မီးကျောင်း ဂွင်ချင်းသီသည်။ ထိုအခါမှ သီမင်းက လောင်းဦးကထ၍ သူရဲကိုသံလျှက်နှင့်ရော်လျှက် “မီးကျောင်းကို မင်းသတ်လာ၊ ငါသတ်လာ” ဟု မီးသည်။ သူရဲက စဉ်းစားသည်မှာ “ငါကနောက်လိုက်၊ သူကဂေါင်းဆောင်။ ငါသတ်ကေလည်း သူသတ်စွာ။ သူသတ်ကေလည်း သူသတ်စွာ။ ဘုရင်က သူ့ကိုရာသိရေ။ ငါ့ကိုမသိ။ ၀န်မခံကေ သူကငါ့ကိုရန်ရှာဖို့။ ငါ့မှာ မျက်နှာမရပဲ ဂျောက်ရာကျဖို့” စဉ်းစားပြီး “အသျှင်သတ်ပါရေ” ဟုဝန်ခံလိုက်သည်။ ထိုခါ သုံးဆယ်သီမင်းလည်း မျက်နှာပြာပြာနှင့် မီးကျောင်းကိုကြိုးစွပ်ပြီး လောင်းနားမျှောင်လျှက် ယူလာလတ်သည်။ သို့သော် သီမင်းမှာ ကမ်းရောက်အောင်ထိ မီးကျောင်းနားသို့ မကပ်ဝံ။ သူရဲကဆွဲ၍ ကုန်းထက်တင်ရသည်။ မီးကျောင်းသီကို ဘုရင်ထံဆက်သောအခါ သီမင်းမှာ အသပြာတထောင်ဆုရသည်။ သူရဲမှာ တပြားလည်းမရ။ အိမ်ပြန်ရောက်သောခါ မယားလက်ကို အသပြာတထောင်ကိုအပ်သည်။ ပြီးလျှင် “နင့်ကြောင့်ငါ တခါခံရပျာ။ အရာဇာနိလာခေါ်ဖို့လည်းမသိ။ ကောင်းကောင်းရာစားနီ” ဟု အပြစ်တင်သည်။ လင်မယားနှစ်ယောက် ရငွေနှင့် နွားတသျှိုင်းလယ်တပြင်ဝယ်လျှက် အိမ်တဆောင်ဆောက်သည်။ တနှစ်ဝမ်းစာဖုံသည်။
ကျားသားငလ၀ါ သူရဲ။
ထိုသို့ စိတ်အီးလက်အီးနီ၍ တမိတမောကြာသောအခါ အရေးအကြောင်းတခုပေါ်လာသည်။ ကျားသားငလ၀ါတကောင်သည် သောင်းကျန်းလျှက်ဟိသည်။ ရွာကကျွဲနွားများကို ဖမ်းစားသည်။ အစားများလာသောအခါ လက်ရဲဇက်ရဲဖြစ်လာပြီး မြို့တော်နားချဉ်းလာသည်။ လူများကိုဝင်ကိုက်ဖို့ကြံသည်။ ထိုသတင်း ဘုရင့်နားပေါက်လတ်သည်။ သုံးဆယ်သီမင်းကို အယင်ခေါ်၍ နှိမ်နှင်းခိုင်းသည်။ သီမင်းမှာ အယင်အတိုင်း သံလျှက်နှင့် မင်းဝတ်တန်းဆာတခုတောင်းသည်။ မြို့သူမြို့သားများမှာ “ကျားရာသီဖို့လား။ သီမင်းရာသီဖို့လား။ မြင်ကတ်ရဖို့ပျာ” ဟုပြောဆိုနီကတ်သည်။ အိမ်ရောက်သောအခါ သုံးဆယ်သီမင်းလည်း “အေတချီတော့ ငါကံတော်ကုန်ပျာ။ ကျားကိုဇာပိုင်နိုင်ဖို့လဲ” ဟုစဉ်းစာပြီး စိတ်မကောင်းဖြစ်ရသည်။ မယားကိုအပြစ်တင်သည်။ “နင်ပျင်လို့ ငါခံရရေ။ နက်ဖန်ခါသိလိမ့်မည်။ ထမင်းကောင်းကောင်းစားနီ” ဟုငြိုးသည်။ သူ့အကြံက မိုးထက်စောစောအာရုံမှာ ရောက်ရာရောက်ပေါက် ထွက်ပြီးဖို့။ သို့အတွက် လမ်းမှာစားဖို့ထမင်းကို မယားကိုချက်ခိုင်းသည်။ သီမင်းမှာ အကြံဖြင့် တညဥ့်လုံးအိပ်မပျော်။ သို့ဖြင့် မိုးစင်စင်လင်းလတ်သည်။ အာရုဏ်တက်၍ ထမင်းကျက်သောခါ မယားကနှိုး၍ လင်သည်ကိုပီးသည်။ မိုးသောက်ထမှာ နှင်းတ၀ီဝီ၊ မြုံတမှိုင်းမှိုင်း၊ သုံးဆယ်သီမင်းမှာ မြင်းနှင့်စိုင်းယှောင်ထွက်လတ်သည်။ တောဝင်ဖို့လည်း လမ်းမမြင်။ ရပ်နီလျှင် ရွာကမလွတ်။ လားမိလားရာလားလီသောခါ ကျွဲတခြံနားသို့ရောက်လတ်သည်။ ကျွဲခြံနားတွင် ကျားသားငလ၀ါလည်း ကျွဲကိုဆွဲဖို့ချောင်းနီသည်။ သုံးဆယ်သီးမင်းရောက်သည်နှင့် ထက်ပင်းတိုးသည်။ သီမင်းက “ကျားသားငလ၀ါဆိုစွာ ဒေကောင်ပျာ”။ ကျားသားငလ၀ါကလည်း “သုံးဆယ်သီမင်းဆိုစွာ သူပျာ” ဟုအော်သည်။ ငလ၀ါကျားက ကျွဲကိုရာကိုက်ဖို့လား။ သီမင်းကိုရာလိုက်ဖို့လား အကြံမရဖြစ်နီဆိုက် သီမင်းက ကြောက်ကြောက်ဖြင့် မျက်စိမှိတ်ခုန်ပစ်လိုက်သည်။ ကျားနောက်ကုန်းထက်မှာ ပကားစီး၍ကျသည်။ ကျားလည်းကြောက်၍ ထွက်ပြီးသည်။ သီမင်းလည်း ကျားနားရွက်ကိုဆွဲ၍ နောက်ကုန်းထက်က လိုက်သည်။ ကျားလည်းညောင်း လူလည်းညောင်း မြို့တော်ထဲသို့ရောက်လတ်သည်။ ထိုခါ မြို့သူမြို့သား၊ နန်းတွင်းသူနန်းတွင်းသားအားလုံး ထွက်ကြည့်ကတ်သည်။ အသျှင်သီမင်း ကျားစီးလာစွာမြင်ရသည်။ တချိ့လူက ကျားကိုဒုတ်နှင့် ထောင်းထုသတ်သောအခါ ကျားဂွင်တိုက်သီသည်။ သီမင်းလည်း ကျားနောက်ကုန်းထက်က လူးကျလတ်သည်။ ထိုခါမှ သီမင်းလည်း ကျားသံဖက်ကလွတ်သည်။ ထိုခါ သီမင်းက သံလျှက်ကိုဆွဲလျှက် “ကျားကိုသတ်စွာအသူလဲ” ဟုမီးသည်။ လူများက ကြောက်ကြောက်ဖြင့် “အသျှင်သီမင်းသတ်ပါရေ” ဟုဝန်ခံသည်။ ကျားသီကို ဘုရင်ထံပြသောအခါ သီမင်းမှာ အသပြာတတောင်ဆုရသည်။ အိမ်ပြန်ရောက်သောအခါ အသပြာငွေကိုမယားလက်သို့အပ်သည်။ “နင်ပျင်လို့ ငါဒုက္ခကျရေ” ဟုမယားကို ဆူသည်။
ဓမြလူဆိုးသောင်းကျန်းမှု။
များမကြာခင် တိုင်းပြည်တခွင် ဓမြလူဆိုးများ ဆူပူသောင်းကျန်းကတ်သည်။ ရွာနိဂုံးကိုလုယက်မကျီ မြို့အနီးပါးခြိမ်းခြောက်လတ်သည်။ လူသူလေးပါးအိပ်မရ ပုန်းဝှက်နီကတ်ရသည်။ ကြာသော် သတင်းထွက်လာသည်။ ဘုရင်နားပေါက်ကြားလာသည်။ ဘုရင်လည်း သုံးဆယ်သီမင်းကို အပြင်းခေါ်ခိုင်းသည်။ သီမင်းရောက်သောအခါ ဘုရင်က “လိုစွာတောင်း၊ ဓမြတိကိုဖမ်း” ဟုမိန့်တော်မူသည်။ သီမင်းလည်း ထုံးစဉ်အတိုင်း မင်းဝတ်တန်းဆာနှင့် သံလျှက်တစင်း၊ မြင်းကောင်းတကောင်တောင်းသည်။ ရသောအခါ အိမ်ပြန်လတ်သည်။ အိမ်ရောက်သောခါ ခါတိုင်းပိုင်ယှောင် မယားကိုအပြစ်တင်သည်။ မယားလည်း ပြန်လို့မပြော။ တိန်းနီသည်။ သီမင်းက “အေတခါတော့ ငါသီရဖို့ယာ။ လူဆိုးတိကို ငါတယောက်တည်း ဇာပိုင်နိုင်ဖို့လဲ။ ငါ့အသက် နက်ဖန်ရက်ကို မလွန်နိုင်ပျာ” ဟုစိတ်ဆိုးပြီးငိုသည်။ ထွက်ပြီးဖို့ကြံသည်။ မယားကို ညဥ့်ဦးကပင် စောစောစီးစီး ထမင်းချက်ထားဖို့ပြောသည်။ သူက တညဥ့်လုံးမအိပ်။ မအိပ်တချက်အိပ်တချက် လှဲနီသည်။ သန်းခေါင်ကျော်သောအခါ မယားက ပါးခပ်နားခပ် ထမင်းချက်သည်။ ကျက်သောခါ ကဗျာကယာလင်ကိုနှိုး၍ ပီးသည်။ လင်ကလည်း တလောင်ပွန်းနှစ်လောင်ပွန်း ဆင်ဆီဆုပ် ဗောင်းဆုပ်စားပြီးလျှင် အကျန်ကိုထုပ်ခိုင်းသည်။ မင်းဝတ်တန်းဆာကိုဝတ်ပြီး မြင်းစီးထွက်ဖို့ကန်နီတုန်း မယားထွက်လတ်သည်။ အေတခါ လင်တော်မောင် သီရဖို့စွာကိုသိလို့ စိတ်မကောင်း။ လင်သည်ကို ထမင်းထုပ်ကွမ်းယာ လှမ်းပီးသည်။ လင်ကလည်း မယူချင်ယူချင်လှမ်းယူသည်။ မြင်းကိုစီးပျာ ရွာကထွက်လတ်သောအခါ ညဥ့်မှောင်နီသိမ့်၍ “မိုးလင်းပတ်စီ၊ လမ်းစမ်းမြင်မှ လွတ်ရာလွတ်ကြောင်း ထွက်ပြီးဖို့ပျာ” ဟုစိတ်ထဲတွင် တွက်သည်။ အကြံနှင့် တောခြုံတခုထဲဝင်ပြီး သစ်တပင်ထက် တက်၍နီသည်။ ထိုအခါ နာမည်ကြီးသူခိုးခုနစ်ယောက်သည် ၄င်းသစ်ပင်အောက်လာရောက်ပြီး ဓမြတိုက်ဖို့ တိုင်ပင်ကတ်သည်။ ညဥ့်တွင် သီမင်းရွာကိုဝင်စီးဖို့ကြံသည်။ အချိန်းအချက်လုပ်ကတ်သည်။ သို့သော် သီမင်းကိုကြောက်၍ သတိနှင့်လုပ်ဖို့ပြောသည်။ ထိုစကားကို သီမင်းကြားသောအခါ အချိန်စိလို့ထွက်ခါနီး “သုံးဆယ်သီမင်းဆိုစွာ ငါဝေး” ဟုသစ်ပင်ထက်က အော်လိုက်သည်။ ဓမြအားလုံး ကြောက်ကြီးသန်ဖက်ဝင်၍ သစ်ခွတွင်ဆွဲထားသောထမင်းထုတ်လည်း ပြုတ်ကျလတ်သည်။ ထိုအခါ ဓမြအားလုံး သီမင်းခုန်ဆင်းလာပျာ အထင်ဖြင့် အချင်းချင်းခွတ်ကတ် သီကုန်ကတ်သည်။ ဓမြအားလုံးသီပြီးမှ သီမင်းလည်း သစ်ပင်ထက်ကဆင်းလတ်သည်။ ထိုနောက် ဓမြဦးဂေါင်းများကို တန်းသိန်သိန်၍ ဘုရင့်ထံပါးသို့ဆက်သည်။ ဘုရင်လည်း သီမင်းအား ဆုကြီးလာဘ်ကြီးပီးသနားတော်မူသည်။ တိုင်းပြည်လည်း အီးချမ်းလားသည်။ သီမင်းမှာ နောင်တွင် စစ်သေနာပဓိကြီးဖြစ်လာသည်။ ဘုရင်ကံကုန်သောအခါ သျှင်ဘုရင်ဖြစ်သည်။ ထိုဘုရင်အား ရခိုင်သမိုင်းတွင် “တိရိနရပတိသီမင်း” ဟု ခေါ်တွင်သည်။
ဤတွင် အကျွန့်ဝတ္ထုလည်းဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိ ဆက်ပြောပါလီ။
(နတ်မြစ်စန်းအောင်)
0 comments:
Post a Comment